International News

ကိုရီးယားသမ္မတနိုင်ငံ၏ အိမ်ရာပိုင်ဆိုင်မှုဆိုင်ရာအခွန် တိုးမြှင့်ကောက်ခံရန်ရှိမှုနှင့် အိမ်ခြံမြေစျေးကွက်အနေအထား

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၌ အိမ်ရာတိုက်ခန်းတစ်ခန်းထက် ပိုမိုပိုင်ဆိုင်သူများအနေဖြင့် အခွန်နှုန်းထား ပိုမိုပေးဆောင်ရမည် ဖြစ်ကြောင်း (၁၅-၄-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လက်ရှိအာဏာရပါတီဖြစ်သော ကိုရီးယားဒီမိုကရက်တစ်ပါတီ (Democratic Party of Korea- DPK) ကထောက်ပြခဲ့ပါသည်။ DPK နှင့် ယင်း၏ မိတ်ဖက်ပါတီတို့သည် အမျိုးသားလွှတ်တော်၏ စုစုပေါင်း ၃၀၀ နေရာအနက် ၁၈၀ နေရာကို အောင်မြင်စွာ ရရှိခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကိစ္စမှအပ မည်သည့်ကိစ္စရပ်ကိုမဆို လွှတ်တော်၏တားဆီးခြင်းမရှိဘဲ အခက်အခဲမရှိ ဆုံးဖြတ်ဆောင်ရွက် နိုင်မည့်အနေအထားဖြစ်ပါသည်။

အစိုးရနှင့်အာဏာရပါတီတို့မှ လာမည့်ဧပြီလနှောင်းပိုင်းတွင်ပြုလုပ်မည့် လွှတ်တော်အထူးအစည်းအဝေးခေါ်ယူသည့်အချိန်၌ အခွန်ဆိုင်ရာစည်းမျဉ်းပြင်ဆင်ခြင်းများ ကိုအဓိကထား၍ ဆွေး‌နွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက် နေ့မှစ၍ အိမ်ခန်း တစ်ခန်းထက်ပိုမိုပိုင်ဆိုင်သူများအနေဖြင့် တရားဝင် သတ်မှတ်သည့် အိမ်ရာမြေေစ်းနှုန်း၏ ယခင်နှစ် နှုန်းထားများအရ (၃.၂) ရာခိုင်နှုန်းပေးဆောင်ရမှုမှသည် (၄) ရာခိုင်နှုန်းသို့ တိုးမြင့်၍လည်းကောင်း၊ အိမ်ခန်း တစ်ခန်းပိုင်ဆိုင်သူများ အနေဖြင့် ယခင်နှစ်နှုန်းထား (၂.၇) ရာခိုင်နှုန်းမှသည် (၃) ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးတိုးမြင့်၍ ပေးဆောင်ကြရမည်ဖြစ်ပါသည်။ ထို့ပြင် လက်ရှိ အခွန်ဆိုင်ရာဥပဒေအရ အစိုးရသည် ပိုင်ဆိုင်မှုအခွန်အား ယခင်နှစ်ပေးဆောင်ခဲ့ရသည့် တန်ဖိုးထက် နှစ်ဆစည်းကြပ်ခွင့်မရှိသော်လည်း၊ ယခုအဆိုပြု ထားမှုသည် ယခင်နှစ်စည်းကြပ်ခဲ့သည့် တန်ဖိုး၏ (၃၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း၊ အိမ်ခန်းတန်ဖိုးအားလည်း လက်ရှိတွင်ကာလပေါက်စျေး၏ (၇၀ မှ ၈၀) ရာခိုင်နှုန်း ဝန်းကျင်ဖြင့် စျေးလျှော့၍ သတ်မှတ်ပေးလေ့ ရှိသော်လည်း၊ ယခုနှစ်မှစ၍ တန်ဖိုးကို ပိုမိုမြှင့်၍ သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တင်းကျပ်သည့်စည်းမျဉ်းများနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုတို့သည် မြေနှင့်အိမ်ရာ အဆောက်အဉီ အရောင်းအဝယ် စျေးကွက်ကို အားလျော့စေကြောင်း၊ ယခု လက်ရှိစီးပွားရေးသည် အကျဘက်သို့ ဦးတည်လျက်ရှိပြီး၊ လူနေတိုက်ခန်း စျေးနှုန်းများ ကျဆင်းမှုကာလကြာရှည်လာခြင်း၊  စျေးကွက်အတွင်းတွင်   ရောင်းသူသာ ရှိပြီး  အသစ်ဆောက်လုပ်မှုမရှိခြင်းစသည်တို့ကြောင့် တိုက်ခန်းစျေးနှုန်းများသည် နောင်လာမည့် သုံးလတာကာလအထိ(သို့မဟုတ်)နှစ်ကုန်အထိ ဆက်လက် ကျဆင်းနေမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေစျေးကွက်အတွင်း လုပ်ကိုင်နေသူများအတွက် ခက်ခဲသည့်အနေအထားများကို ရင်ဆိုင်ရလျက်ရှိကြောင်း ဆိုးလ်နည်းပညာ တက္ကသိုလ်၏ အိမ်ခြံမြေဘာသာရပ်အထူးပြု ပါမောက္ခ လီယောင်ဆိုလ်း ကသုံးသပ်ခဲ့ပါသည်။

သို့ဖြစ်၍ အစိုးရမှ မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှု မဆောင်ရွက်ပေးနိုင်လျှင် အိမ်၊ ခြံ၊ မြေ စျေးကွက်၏ အနာဂတ် အလားအလာသည် လွန်စွာခက်ခဲကျပ်တည်း ဖွယ်ရှိပြီး၊ ပြည်သူများက လည်းဖြေရှင်းနိုင်မည့်နည်းလမ်းများကို မျှော်လင့်လျက်ရှိကြကြောင်း၊ အိမ်ခန်းတစ်ခန်းသာ ပိုင်ဆိုင်သူများအနေဖြင့် အခွန်ရှောင်ရှားနိုင်ရန် အတွက် ၎င်းတို့နှစ်ပေါင်းများစွာနေထိုင်လာခဲ့သောနေရာကို ရောင်းချရန်မဖြစ်နိုင်သည့်အပြင်၊ ထိုသူများထဲမှအများစုမှာ အသက်ကြီးပိုင်း အငြိမ်းစားအရွယ်များ ဖြစ်ကြကြောင်း၊ ဝန်ကြီးချုပ်ဟောင်း Lee Nak-yon နှင့် အာဏရပါတီဝင်အချို့တို့က ထိုအချက်ကို ဖြေလျှော့ပေးနိုင်ရန် ကြိုးပမ်းပေးမည်ဖြစ်ကြောင်း ကတိပြု ခဲ့သည့်အတွက်လွှတ်တော်၏ အထွေထွေရွေးကောက်ပွဲတွင် မဲအနိုင်ရခဲ့သည်ဟု အများကထင်ကြေးပေးလျက်ရှိကြပါသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဖြစ်သည့် Zigbang ၏ လေ့လာဆန်းစစ်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ အိမ်ယာစျေးကြီးမြင့်သည့် ဆိုးလ်မြို့တောင်ပိုင်းရှိ Songpa၊ Seocho နှင့် Gangnam ခရိုင်တို့တွင် လူနေတိုက်ခန်း (၂၈၇) ခန်းကို ရောင်းချ နိုင်ခဲ့ပြီး၊ ယခင်လထက် (၆၂) ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ အလားတူ ဆိုးလ်မြို့မြောက်ပိုင်း Mapo၊ Yongsan နှင့် Seong− dong ခရိုင်တို့၌ လူနေတိုက်ခန်း (၂၄၇) ခန်းရောင်းချနိုင်ခဲ့ပြီး ယခင်လထက် (၅၆) ရာခိုင်နှုန်းကျဆင်းခဲ့ ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ ဒုတိယအပတ်တွင် ကိုရီးယားအိမ်ရာတန်ဖိုးဖြတ်ဘုတ်အဖွဲ့၏ လူနေအိမ်ရာတိုက်ခန်းစျေးနှုန်းညွှန်းကိန်းသည် (၉၈.၄) ဖြစ်ပြီး၊ ညွှန်းကိန်း (၁၀၀) နှင့်အောက်၏ အဓိပ္ပာယ်မှာ ရောင်းသူကဝယ်သူထက်ပိုများနေခြင်းပင်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: International News